News Archive
Sep, 09
E-telegram Prepaid Card ဝယ်ယူသုံးစွဲမှု နည်းပါးနေသေး
By Net Guide Journal
Online မှတစ်ဆင့် ကြေးနန်း (e-telegram) ပေးပို့နိုင်သည့် prepaid ကတ်များ ဝယ်ယူသုံးစွဲမှု နည်းပါးနေသေးကြောင်း သိရသည်။ သုံးစွဲသူများ အနေဖြင့် e-telegram prepaid ကတ်ဝယ်ယူပြီး အင်တာနက်ရှိသည့် မည်သည့် နေရာတွင်မဆို ဝယ်ယူ သုံးစွဲ နိုင်သည်။ ထို့ပြင် Internet/email မရှိသည့် နေရာတွင် သက်ဆိုင်ရာ e-telegram ရုံးသို့ သွားရောက်၍ ပို့ဆောင်နိုင်ကြောင်းကို မသိသေးသဖြင့် သုံးစွဲမှု နည်းနေရကြောင်း သိရသည်။ e-telegram prepaid Card စနစ် သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ကောင်းစွာ နားလည် သဘောပေါက်ခြင်း မရှိသောကြောင့်လည်း သုံးစွဲမှု နည်းနေရခြင်း ဖြစ်သည်။ e-telegram Prepaid card ဝယ်ယူ သုံးစွဲသူသည် www.etelegram.net.mm website တွင် မိမိဝယ်ယူထားသည့် Prepaid Card နှင့်Username ကို ရိုက်ထည့်၍ မည်သည့်နေရာ၊ မည်သည့် အချိန်တွင်မဆို သုံးစွဲနိုင်သည်။
ထိုသို့ ပေးပို့ရာတွင် Prepaid Card ဝယ်ယူသုံးစွဲသူ အချင်းချင်း (ကြေးနန်း) ရိုက်ကြားခြင်းနှင့် ကတ်သုံးစွဲသူမှ လိပ်စာရှင်ထံ ကြေးနန်း ရိုက်ကြားခြင်းဟူ၍ နှစ်မျိုးရှိသည်။ မိမိပေးပို့လိုသော လိပ်စာရှင်သည် ကတ်ဝယ်ယူသုံးစွဲသူ မဟုတ်ပါက ကတ်သုံးစွဲသူမှ လိပ်စာရှင်ထံ ကြေးနန်းရိုက်ကြားခြင်း နည်းဖြင့် ပေးပို့နိုင်သည်။ မိမိပေးပို့လိုသော သူအား ကြေးနန်းရုံးမှ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမည် ဖြစ်သည်။ ပေးပို့လိုသော သူ၏အမည်၊ လိပ်စာတို့ကို မှန်ကန်စွာ ရိုက်ထည့်ရမည် ဖြစ်ပြီး လိပ်စာရှင်ရှိရာ မြို့သည် အမည်တူပါက ပြည်နယ်/ တိုင်း/ ခရိုင် ခွဲခြား ဖော်ပြပေးရန် လိုအပ်သည်။ ကြေးနန်း ပေးဝေမှု အခြေအနေကို Status သုံးခုခွဲ၍ ဖော်ပြပေးထားမည် ဖြစ်သည်။ လက်အောက်ခံ ကြေးနန်းရုံးသို့ ဆက်လက် ပေးဝေနေဆဲ (on the way)၊ လိပ်စာရှင် ရှာမရပါက (non delivery) ပေးပို့ပြီးပါက (finish) ဟူ၍ှ (Status) သုံးခုဖြင့် ဖော်ပြပေးထားသည်။ Prepaid Card ဝယ်ယူသုံးစွဲသူချင်း ပေးပို့လိုပါက မိမိပေးပို့လိုသော သူ၏ ID နံပါတ်ကို ရိုက်ထည့်ရမည် ဖြစ်သည်။
ပေးပို့လိုက်သော စာကို တစ်ဖက်မှ ဖတ်ရှုသည့်နေ့ရက်၊ အချိန်ကို သက်ဆိုင်ရာ စာတိုင်တွင် ဖော်ပြပေးထားသည်။ ကြေးနန်းကို ချက်ချင်း မပေးပို့လိုပါက Save လုပ်၍ သိမ်းဆည်း ထားနိုင်သည်။ Online မှတစ်ဆင့် ကြေးနန်း ပေးပို့လိုပါက ၁ သောင်းတန် e-telegram prepaid card များကို ဝယ်ယူ အသုံးပြုရမည် ဖြစ်ပြီး ကြေးနန်း ၁ စောင်ပေးပို့ပါက ကျပ် ၃၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်သည်။ ကြေးနန်း ပေးပို့သည့်အခါ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသား ရိုက်ကြား ပေးပို့နိုင်သည်။ မြန်မာစာဖြင့် ပေးပို့မည်ဆိုပါက စာလုံးရေ ၅၀၀၊ အင်္ဂလိပ်ဖြင့် ပေးပို့လိုပါက စာလုံးရေ ၃၀၀ ထိ ရေးသားနိုင်သည်။ ကတ်၏ သက်တမ်းမှာ ၁ နှစ်ဖြစ်ပြီး ၁ နှစ်အတွင်း ကြေးနန်း ၃၃ စောင် ပေးပို့နိုင်သည်ဟု သိရသည်။ မိမိ၏ကတ်တွင် လက်ကျန်ငွေ မလုံလောက်ပါက ကြေးနန်းပို့ခြင်းကို ရပ်ဆိုင်းမည် ဖြစ်သည်ဟု သိရသည်။ှ
SSH

GSM လိုင်း သန်း (၃၀) ၏ ပထမနှစ် စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးကို အများဆုံး ချပေးမည်
By Hot News Weekly Journal
GSM မိုဘိုင်းလိုင်း သန်း (၃၀) စီမံကိန်း၏ ပထနှစ်စီမံကိန်း (လိုင်း ၄ သန်း) တွင် ရန်ကုန်တိုင်းဒေသကြီးအား လိုင်း (၇၉၇၇၆၆) ဖြင့် အများဆုံး ချထားပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ပထမနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂) ဖြစ်သည့် လိုင်း (၄) သန်း စီမံကိန်းတွင် ဒေသအလိုက် ချထားပေးသွားမည့် လိုင်းအရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် (၇၉၇၇၆၆) လိုင်း၊ နေပြည်တော်တွင် (၂၀၄၃၆၅) လိုင်း၊ ကချင်ပြည်နယ်တွင် (၅၂၃၀၇) လိုင်း၊ ကယားပြည်နယ် (၈၃၇၄) လိုင်း၊ ကရင်ပြည်နယ်တွင် (၇၄၃၅၂) လိုင်း၊ ချင်းပြည်နယ်တွင် (၁၂၃၂၀)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၀၀၈၄၂) လိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၈၆၀၁၉) လိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် (၃၉၀၁၂၉)၊ မကွေးတိုင်းဒေသကြီးတွင် (၄၀၃၂၄၀) လိုင်း၊ မန္တလေးတိုင်းဒေသကြီးတွင် (၅၅၅၅၈၀) လိုင်း၊ မွန်ပြည်နယ်တွင် (၂၀၃၄၀၅) လိုင်း၊ ရခိုင်ပြည်နယ်တွင် (၁၄၂၅၇၂) လိုင်း၊ ရှမ်းပြည်နယ်တွင် (၁၇၃၉၂၉) လိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၄၉၄၇၂၉) လိုင်းတို့ ဖြစ်ကြောင်း သိရသည်။
"လိုင်း သန်း (၃၀) အတွက် ၅ နှစ် စီမံကိန်းမှာ ပထမနှစ် စီမံကိန်းအတွင်းမှာ (၄) သန်းထိ ချပေးသွားမယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တစ်လကို အလုံးရေ (၂) သိန်း ရောင်းရမယ်လို့ မှန်းထားတယ်။ ဒီလိုင်း (၄) သန်းက ၂၀၁၁-၂၀၁၂ အတွင်း အပြီးရောင်းပေးသွားမှာ ပြီးရင် ဒုတိယနှစ် စီမံကိန်းအနေနဲ့ လိုင်း (၅) သန်း ချပေးသွားမှာဆိုတော့ ဈေးနှုန်းတွေကတော့ လက်ရှိထက်နည်းတဲ့ နှုန်းနဲ့ ချပေးသွားမှာပါ" ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၌ လက်ရှိ အသုံးပြုနေသည့် ဖုန်းလိုင်း အမျိုးအစားများမှာ CDMA-450 MHZ၊ CDMA-800 MHZ၊ GSM၊ WCDMA၊ Cellular အစရှိသည်တို့ ဖြစ်ပြီး ယင်းအနက် GSM ဖုန်းစနစ်မှာ ကမ္ဘာ့နိုင်ငံ (၂၃၉) နိုင်ငံတွင် အသုံးပြုနေပြီး CDMA စနစ်ကို နိုင်ငံ (၁၂၁) နိုင်ငံသာ အသုံးပြုကြောင်း သိရသည်။
ဝင်းစန္ဒာဦး

စမတ်ဖုန်းတွေနဲ့ Facebook
By Net Guide Journal
Facebook ကို ကွန်ပျူတာကနေတစ်ဆင့် အွန်လိုင်းမှာ အသုံးပြုလာကြတာ အတော်လေး ကြာမြင့်ခဲ့ပါပြီ။ အခုဆိုရင် ပိုမို အဆင်ပြေလို့ ဖုန်းတွေပေါ်မှာ သုံးလို့ရတဲ့ အခြေအနေထိ ဖြစ်လာပါပြီ။ ဒီထက် ပိုကောင်းလာတာက စမတ်ဖုန်းတွေကို ထုတ်လုပ်လာတဲ့ အချိန်မှာ Facebook ကို အဆင်သင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးလာတဲ့ အတွက်ကြောင့်ပါပဲ။ ဘယ်လို အကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် သင့်မှာ Facebook account တစ်ခု ရှိနေဖို့သာ လိုအပ်ပါလိမ့်မယ်။ နောက်အရည်အသွေးမြင့် OS ထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းဖြစ်မှသာ အသုံးပြုနိုင်မယ် ဆိုတာကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။ လက်ရှိ အနေအထားမှာ ဖုန်းတစ်လုံးဟာ ကွန်ပျူတာ တစ်လုံးနီးပါးလောက် အသုံးဝင်နေတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ နှစ်ခြိုက်မှုကလည်း တဖြည်းဖြည်း ပြောင်းလဲလာတာ ပါပါတယ်။
လူတစ်ယောက်ဟာ Facebook ကို အသုံးပြုဖို့အတွက် laptop ကြီးတစ်ခုလုံးကို သယ်ဆောင်သွားမယ့်အစား ဖုန်းတစ်လုံး ကိုင်ဆောင်ထားမယ်ဆိုရင် အရမ်းကြီး ဝန်ပေါ့သွားပါတယ်။ ဖုန်းကနေ Facebook သုံးတယ်ဆိုတာက တကယ်တော့ အင်တာနက် အသုံးပြုတာပါပဲ။ အဲဒီအတွက် ကွန်နက်ရှင်ကတော့ ကောင်းဖို့ လိုပါလိမ့်မယ်။ Facebook ဟာ လုပ်ဆောင်ချက် အတော်များများကို လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်လည်း ကွန်နက်ရှင်က အတော်လေး အဓိက ကျသွားပါတယ်။ Facebook သုံးလို့ရတဲ့ စမတ်ဖုန်းတွေကလည်း အတော်လေးကို ထွက်ရှိလာပါတယ်။ ပြီးတော့ လုပ်ဆောင်ချက်ကလေး အတော်လေး တာသွားပါတယ်။ နောက်ပိုင်းထွက်တဲ့ စမတ်ဖုန်းတွေဆိုရင်တော Facebook မှ မဟုတ်ပါဘူး။ Twitter, Google လို သုံးစွဲလို့ ကောင်းတာလေးတွေ ပါနေတဲ့ အတွက်ကြောင့် အရမ်းကို အဆင်ပြေစေပါတယ်။ http:// www. facebook. com/ mobile မှာ သွားရောက် လေ့လာနိုင်မှာပါ။

Panasonic GSM Wireless Phone + Digital Cordless Handset
By Net Guide Journal
GSM ဖုန်းတစ်လုံးကို မိမိနေအိမ်မှာ ဖုန်းအများကြီးအဖြစ် ပွားသုံးနိုင်ဖို့ Panasonic က ထုတ်လုပ်တဲ့ Product ဖြစ်ပါတယ်။ Package ထဲမှာ KX-TW500SP GSM Fixed Wireless Phone အထိုင်တစ်ခု နဲ့ သူနဲ့ချိတ်ဆက်ပွားသုံးဖို့ KX-TWA50EX Aditional Digital Cordless Handset ၂လုံး တစ်ပါတည်း တွဲဖက် ထည့်ပေးထားပါတယ်။ ဆိုလိုတာကတော့ အိမ်အပေါ်ထပ်ကလူက ဖုန်းဆက်ဖို့ GSM အထိုင် ဖုန်းထားတဲ့ အောက်ထပ်ကို ဆင်းစရာ မလိုတော့ဘူးပေါ့။ ပေ ၃၀၀-၄၀၀ ပတ်လည် အကွာအဝေးကနေ ဖုန်းလှမ်းဆက်လို့ ရတယ်။ သီအိုရီအားဖြင့်တော့ အဲဒီလို Cordless Phone 6 ခုနဲ့ လှမ်းသုံးနိုင်တယ်။ ကုန်ကုန်ပြောရရင် မိမိတိုက်ခန်းနဲ့ မျက်နှာချင်းဆိုင် လမ်းမတစ်ဖက်က တိုက်ခန်း ရောက်နေချိန်မှာလည်း မိမိအခန်းထဲက GSM Wireless Fixed Phone ကို လှမ်းသုံးလို့ရတယ်။ အဲဒီထက် ပိုသေးပြီး Out of Range ဖြစ်သွားရင်တော့ လိုင်းမမိနိုင်တော့ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် GSM အထိုင်ဖုန်းတစ်လုံးကနေ ကြိုးမဲ့ဖုန်း အများကြီး ပွားသုံးနိုင်တယ်ဆိုတော့ မဆိုးဘူးပေါ့။ တော်တော် အသုံးတည့်တယ်။ ဒီလို လုပ်ဆောင်ဖို့ အထိုင်ဖုန်း ဖြစ်တဲ့ KX-TW 500 SP GSM Fixed Wireless Phone မှာ GSMSIM Card ထိုးသုံးရပါတယ်။ ဖုန်းအားသွင်းတဲ့ အထိုင် Charger ကလေးတွေလည်း တစ်ပါတည်း ထည့်ပေးထားပါတယ်။
၅၅,၀၀၀ ကျပ်ဝန်းကျင်
Daw Aye High Electronic Quality Distributor
၂၀၃၁၆၄၊ ၂၉၈၅၃၇